၂၀၂၃ ခုနှစ် ၊အောက်တိုဘာလ ၅ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် နွေဦးဆရာအတတ်ပညာတက္ကသိုလ် (Spring Normal University, SNU) ၏ သဝဏ်လွှာ
ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၄) ရက်
- ၂၀၂၃ ခုနှစ် ၊အောက်တိုဘာလ ၅ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားမှ တဆင့် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အပေါင်းအား ကျွန်ုပ်တို နွေဦးဆရာ အတတ်ပညာတက္ကသိုလ် (Spring Normal University, SNU) မြန်မာ မှ လေးမြတ်စွာဦးထိပ်ပန်ဆင် ဂုဏ်ပြုအပ်ပါသည်။ ထိုနည်းတူစွာ မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင် အုပ်စိုးချိန်မှစ ယနေ့အချိန်ထိ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ရင်း ကြားကာလတွင် အကြမ်းမဖက် အာဏာ ဖီဆန်နေကြသော ကျောင်းသား၊ ကျောင်းသူ များ အား ပညာဆက်လက် ဖြန့်ဝေပေးနေသော ဆရာ၊ ဆရာမ အပေါင်းအား အထူးပင် ကျေးဇူးတင်ဂုဏ်ယူ၀မ်းမြောက်ပါကြောင်း ထပ်လောင်းပြောကြားလိုပါသည်။
- စစ်အာဏာရှင်တို၏ အာဏာသိမ်းမှု သည် နှစ်နှစ်ကျော် သုံးနှစ်နီးပါး ကာလကြာရှည်လာသည် နှင့်အမျှ အာဏာဖီဆန်မှုနှင့် တိုက်ပွဲ ၀င်နေကြသော ဆရာ ဆရာမများအနေဖြင့် အခက်အခဲ ပေါင်းစုံ ကြုံတွေ့နေကြပြီ ဖြစ်လင့်ကစား ကြံ့ကြံ့ခံ ရင်ဆိုင်ရင်း လှေခွက်ချည်းကျန် အလံမလဲ စိတ်ဓာတ်ဖြင့် ယခုအချိန်အထိ ရှိရင်းစွဲ စိတ်ဓာတ်ခွန်အား တိုနှင့်အတူ မြေပြင်စစ်သည်တော်များကို တစ်တပ်တစ်အား အားပေးရင်း သင်ကြားသင်ယူမှု လုပ်ငန်းစဉ်များ ဆက်လက်တည်မြဲစေရန် ကြိုးပမ်းဆောင်ရွက်နေလျက် ရှိပါသည်။
- မြန်မာနိုင်ငံတွင် စစ်အာဏာရှင် အုပ်ချုပ်ချိန်မှစ၍ အဘက်ဘက်မှ ယိုယွင်းပျက်စီးနေသော အရာများတွင် လွတ်လပ်စွာ ပညာသင်ကြာသင်ယူခွင့်လည်း အပါအ၀င်ဖြစ်ပေသည်။ စစ်အာဏာရှင် သည် ပညာရေးကဏ္ဍမှ အကြမ်းမဖက် အာဏာဖီဆန်ရေးတွင် ပါ၀င်သော ဆရာ၊ဆရာမများကို နည်းလမ်းအမျိုးမျိုးဖြင့် ဖိနှိပ် နေဆဲ ဖြစ်ပါသော်လည်းဆရာ၊ဆရာမတိုသည် မိမိတို ယုံကြည်ရာအတိုင်း ဆက်လက်လျှောက်လှမ်းနေဆဲ ဖြစ်သည်။ အမှန်တရားဘက်တော်သားများ ဖြစ်သည့် ပညာသင်၊ပညာသည် အပေါင်းတိုနှင့်တကွ ပညာရေးကဏ္ဍရေရှည် ဆက်သွားနိုင်စေရန် ပူးပေါင်းကူညီကြလျက်ရှိသော ရဲဘော်ရဲဘက်အပေါင်းအား အထူးအလေးအမြတ်ထား အမှတ်တရရှိပါကြောင်းနှင့် ထိုသူအားလုံးတိုအတွက် ကျွန်ုပ်တို ကြိုးစား ဆောင်ရွက် နေပါကြောင်း လေးစားစွာ အသိပေးရင်း ဤသ၀ဏ်လွှာကို နိဂုံးချုပ်အပ်ပါသည်။
ယာယီတက္ကသိုလ်ကောင်စီ
နွေဦးဆရာအတတ်ပညာတက္ကသိုလ်
ဖြန့်ဝေခြင်း
- ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
- ရုံးလက်ခံ၊ ယာယီတက္ကသိုလ်ကောင်စီ၊ နွေဦးဆရာ အတတ်ပညာတက္ကသိုလ်