မြန်မာပြည်၏ အာဇာနည်
ငယ်စဥ်အခါ စာသင်ခန်းထဲမှာ အာဇာနည်ကိုးဦးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ် ဦးဘချို၊မန်းဘခိုင်၊ ဦးဘ၀င်း၊ ဦးအုန်းမောင်၊ မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်း၊ ဦးရာဇတ် ၊ ရဲဘော် ကိုထွေးတွေ အကြောင်း ဆရာကြီးတွေ ရှင်းပြတဲ့အခါ ပုံပြင်တစ်ပုဒ်လို ကျွန်မ လိုက်ပါစီးမြောခံစားပြီး မျက်ရည်များ ကျခဲ့ရသူပါ။
အာဇာနည် သူရဲကောင်းတွေရဲ့ လက်ရုံးရည်၊ နှလုံးရည်၊ အများအကျိုး သက်စွန့် ဆောင်ရွက်ပေးခဲ့မှုတွေကြောင့် ဆယ်စုနှစ် ၇ ခု ၊ နှစ်ပေါင်း ၇၀ ကျော် လောက်ထိ ကျွန်မတို့တွေဟာ ကောင်းမွန်တဲ့ ဘ၀ ပုံရိပ်တွေကို အကောင်အထည်ဖော်နိုင်ခွင့် ရခဲ့ပါတယ်။ ၂၀၂၁၊ ဖေဖော်ဝါရီ နှောင်းပိုင်းမှာ အာဇာနည်ဆိုတဲ့ စကား ကြားရဖန်များလာတော့ ကျွန်နှလုံးသားထဲ ကူးစက်သွားမှုတွေဟာ ကြက်သီများ တဖျန်းဖျန်း ထ သည်အထိ ဖြစ်ခဲ့ရပါတယ်။
ပုံပြင်တစ်ပုဒ်ဟာ ကျွန်မ ပတ်၀န်းကျင်မှာ အသက်၀င်လာသလိုပါဘဲ။ အသက်ပေးခဲ့တာထက် များစွာပိုနက်နဲတဲ့ အာဇာနည်တွေအကြောင်းကို စာတွေ့ထက်လက်တွေ့ကို ခါးသီးစွာ မြင်တွေ့ ခဲ့ရပါတယ်။
အာဇာနည် ခေါင်းဆောင်တစ်ယောက်ရဲ့ နောက်ကွယ်မှာ ဖြစ်ရပ်မှန်များစွာ၊ အသက်ထက်ပိုတဲ့ ဆုံးရူံးမှုများစွာရှိနေတာ ကို နားလည်ခဲ့ပါတယ်။
ဖက်ဒရယ်အတွက် အာဇာနည်
လွတ်လပ်ရေးရရှိရန် တိုက်ပွဲဝင်ခဲ့သူမှာ 1947 July 19 တွင် လုပ်ကြံခံခဲ့ရသော ကိုးဦးတည်း မဟုတ်ပါ။ ဆုံးရှုံးမှု ကြီးမားလှသော ထိုနေ့၌ပင် တော်လှန်ရေးကာလတလျှောက်လုံး တရားမျှတမှုအတွက် မြင့်မြတ်စွာ အသက်ပေးသွားကြရသော အာဇာနည်အပေါင်းအားလည်း အောက်မေ့သတိရမှုဖြင့် အလေးပြုကြခြင်း ဖြစ်ပါသည်။
အာဇာနည်ဟူသည်ကို “အကြောင်း ဟုတ် မဟုတ်ကို ကောင်းစွာ သိသော သူ။ သာမန်ထက် လက်ရုံးရည် နှလုံးရည် ထူး ကဲသာလွန်၍ အများအကျိုးအတွက် သက်စွန့် ကြိုးပမ်း ဆောင်ရွက်သူ။” ဟူ၍ မြန်မာ အဘိဓာန်က ဖွင့်ဆိုထားပါသည်။
ဤအဓိပ္ပါယ်ဖွင့်ဆိုချက်အရဆိုပါလျှင် အဓမ္မမှုကို နှုတ်ဆိတ်လက်မခံဘဲ တော်လှန်ခြင်းဖြင့် တရားမျှတမှု ပြန်လည်ရှာဖွေရာ၌ ပါဝင်သူမှန်သမျှသည် အာဇာနည်ဖြစ်ပေသည်။
လက်နက်ကိုင်စွဲ၍ တိုက်ပွဲဝင်နေသူမှသာ သူရဲကောင်းမဟုတ်ပါ။ တိုက်ပွဲဝင်နိုင်ရန် နောက်ကွယ်မှ ကူညီလုပ်ကိုင်ပေးသော ထမင်းချက်သည်လည်း သူရဲကောင်းဖြစ်ပါသည်။
လူတော်လူကောင်းတွေရဲ့ ထူးချွန်ထက်မြတ်မှုများစွာကို နေ့စဥ်ရိုက်ချိုးနေကြတဲ့ မြန်မာနိုင်ငံက အာဏာမက်တဲ့ လူတစ်၀က်ရဲ့ ခရီးလမ်းဟာ ဆုံးခန်းတိုင်ဖို့လိုနေပါပြီ။ကျွန်မတို့အားလုံး တတ်စွမ်းသလောက် ပါ၀င်ကူညီပေးဖို့ လိုနေပါပြီ။
အမှန်တရားအတွက် ဖြစ်ပေါ်လာခဲ့တဲ့ အာဇာနည်များစွာကို မီးပင်လယ်ထဲမှာ ရှင်သန်နေကြရတဲ့ ကျွန်မတို့အားလုံးဟာ သမိုင်း၀င်ခဲ့တဲ့ အာဇာနည်ကိုးဦး သာမက မြန်မာနိုင်ငံက အာဇာနည်များစွာကို ဇူလိုင် ၁၉ မှာတင် မဟုတ်ဘဲ ထာ၀ရ နှလုံးသားထဲမှာ မျက်ရည်မိုးတွေနဲ့အတူ ဂါရ၀ ပြု ဦးညွတ်လျှက်ပါ။
ယခင် နယ်ချဲ့တော်လှန်ရေးမှစ ယခု နွေဦး တော်လှန်ရေးအထိ စွမ်းရာနေရာ၌ အသီးသီးပါဝင်ခဲ့ကြသော အာဇာနည်များကို ဆရာ မြသန်းတင့်၏ စကားလုံးဖြင့် ဂုဏ်ပြုလိုက်ချင်ပါသည်။ “သူရဲကောင်းဝတ်ရုံကို ကောက်ခြုံလာခဲ့ကြသော အညတရများ” ဟူ၍တည်း။