နွေဦးဆရာအတတ်ပညာတက္ကသိုလ်၏ တတိယအကြိမ်ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ နွေဦးဆရာအတတ်ပညာတက္ကသိုလ်မှ တတိယအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းနှင့် တက္ကသိုလ် ကောင်စီဝင်များ၊ ဌာနမှူးများနှင့် ပညာရေး ဘွဲ့ရကျောင်းသားများ တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ နွေဦးဆရာအတတ်ပညာ၏ ကြားကာလပညာရေးအတွက် ကြိုးပမ်းအားထုတ်မှုများအတွက် အားရကျေနပ်ကြောင်း၊ အရည်အသွေးပြည့်ဝသည့် ဆရာ၊ ဆရာမများ မွေးထုတ်ပေးနိုင်ခြင်းသည် တော်လှန်ရေးကာလအတွက် များစွာအထောက်အပံ့ဖြစ်ကြောင်း အလေးထားပြောကြားခဲ့ပါသည်။ ဒုတိယဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းမှလည်း အဖွင့်မိတ်ဆက်စကားပြောကြားခဲ့ပါသည်။ 

ထို့နောက် နွေဦးဆရာအတတ်ပညာ တက္ကသိုလ်၏ ယာယီအဓိပတိမှ ပညာရေးဘွဲ့ရကျောင်းသား၊ ကျောင်းသူ (၆၄)ဦးနှင့် ဆရာအတတ်ပညာဘွဲ့လွန်ဒီပလိုမာ ကျောင်းသား၊ ကျောင်းသူ (၅၂)ဦး စုစုပေါင်း (၁၁၆)ဦးအား ယာယီဘွဲ့နှင့် ဒီပလိုမာလက်မှတ်များ ချီးမြှင့်ခဲ့ပြီး၊ ပညာရေးဘွဲ့ရကျောင်းသားများ ကိုယ်စား၊ ကျောင်းသားတဦးနှင့် ပညာရေးအဖွဲ့မှ ဆရာတဦးတို့မှလည်း ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

နွေဦးဆရာအတတ်ပညာတက္ကသိုလ် ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် ရန်ကုန်ပညာရေး တက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်နှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်တို့မှ CDM လုပ်ဆောင်ခဲ့ကြသော ဆရာ၊ ဆရာမများကို စုစည်းကာ တည်ထောင်ခဲ့ပြီး တော်လှန်ရေးကာလအတွင်း အရည်အချင်းပြည့်ဝသည့် ဆရာ၊ ဆရာမများအား လေ့ကျင့်၊ သင်ကြား၊ မွေးထုတ်ပေးနေသည့် တက္ကသိုလ်ဖြစ်သည်။