၂၀၂၄ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ နွေဦးဆရာအတတ်ပညာတက္ကသိုလ်မှ ဒုတိယအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို ကျင်းပခဲ့သည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းတို့အပြင် နွေဦးဆရာအတတ်ပညာ တက္ကသိုလ်၏ ယာယီအဓိပတိ၊ တက္ကသိုလ်ကောင်စီဝင်များ၊ ဌာနမှူးများနှင့် ပညာရေး ဘွဲ့ရကျောင်းသားများ တက်ရောက်ခဲ့ပါသည်။
ဒုတိယဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံ၏ ကြားကာလ ပညာရေးကာလအတွက် အရေးပါသည့် လူသားအရင်းအမြစ်ဖြစ်သည့် ဆရာ၊ ဆရာများ အား မွေးထုတ်ပေးနေသည့် တက္ကသိုလ်၏ တော်လှန်ရေးတွင် အရေးပါသည့် အခန်းကဏ္ဍကို အလေးထားပြောကြားခဲ့ပါသည်။
အခမ်းအနား၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဧည့်ပါမောက္ခ ဒေါက်တာသိန်းလွင်မှလည်း ဘွဲ့ရမောင်မယ်များအား တော်လှန်ရေးနှင့်အတူ ပညာရေးပြုပြင်ပြောင်းလဲမှုတွင် ဆရာ၊ ဆရာမများအနေဖြင့် ဖက်ဒရယ်ပညာရေးစံနှုန်းများနှင့်အညီ ပါဝင်နိုင်ကြရန်နှင့် ပညာရေးကဏ္ဍ တိုးတက်ရေးတို့အတွက် ကြိုးစားကြရန် အားပေးစကား ပြောကြားခဲ့ပါသည်။
ထို့နောက် နွေဦးဆရာအတတ်ပညာ တက္ကသိုလ်၏ ယာယီအဓိပတိမှ ပညာရေးဘွဲ့ရကျောင်းသား (၃၀)ဦး အား ယာယီဘွဲ့လက်မှတ်များ ချီးမြှင့်ခဲ့ပြီး၊ ပညာရေးဘွဲ့ရကျောင်းသားများ ကိုယ်စား၊ ကျောင်းသားတဦးနှင့် ပညာရေးအဖွဲ့မှ ဆရာတဦးတို့မှလည်း ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
နွေဦးဆရာအတတ်ပညာတက္ကသိုလ် ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် ရန်ကုန်ပညာရေး တက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်နှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်တို့မှ CDM လုပ်ဆောင်ခဲ့ကြသော ဆရာ၊ ဆရာမများကို စုစည်းကာ တည်ထောင်ခဲ့ပြီး ကြားကာလပညာသင်ကြားရေးနှင့် ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတို့တွင် ဦးဆောင်ပါဝင်နေသည့် တက္ကသိုလ်ဖြစ်သည်။




