၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ နွေဦးဆရာအတတ်ပညာတက္ကသိုလ် မှ ပထမအကြိမ် ယာယီဘွဲ့နှင်းသဘင်အခမ်းအနားကို ကျင်းပခဲ့သည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် ဒုတိယဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းတို့အပြင် နွေဦးဆရာအတတ်ပညာ တက္ကသိုလ်၏ ယာယီအဓိပတိ၊ တက္ကသိုလ်ကောင်စီဝင်များ၊ ဌာနမှူးများနှင့် ပညာရေး ဘွဲ့ရကျောင်းသားများ တက်ရောက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအသွင်ကူးပြောင်းမှုအတွင်း ပညာရေး၏အနာဂတ်ကို ပုံဖော်ရာတွင် တက္ကသိုလ်၏အခန်းကဏ္ဍကို အလေးထားပြောကြားခဲ့ပါသည်။ ဒုတိယဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းမှလည်း အဖွင့်မိတ်ဆက်စကားပြောကြားခဲ့ပါသည်။
အခမ်းအနား၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဒေါက်တာစိုင်းခိုင်မျိုးထွန်းမှ ပညာရေးဘွဲ့ရကျောင်းသား (၂၀)ဦး အား ယာယီဘွဲ့လက်မှတ်များ ချီးမြှင့်ခဲ့ပြီး၊ ဧည့်ပါမောက္ခ ဒေါက်တာသိန်းလွင်မှလည်း ဘွဲ့ရမောင်မယ်များအား ပညာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ကြိုးပမ်းရန် အားပေးစကား ပြောကြားခဲ့ပါသည်။ ဘွဲ့ရကျောင်းသားများ ကိုယ်စား၊ ကျောင်းသားတဦးနှင့် ပညာရေးအဖွဲ့မှ ဆရာတဦးတို့မှလည်း ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
နွေဦးဆရာအတတ်ပညာတက္ကသိုလ် ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် ရန်ကုန်ပညာရေး တက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်နှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်တို့မှ CDM လုပ်ဆောင်ခဲ့ကြသော ဆရာ၊ ဆရာမများကို စုစည်းကာ တည်ထောင်ခဲ့ပါသည်။ တက္ကသိုလ်သည် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအကျပ်အတည်းများအတွင်း CDM တွင် ပါဝင်ခဲ့ကြသော ကျောင်းသားများ၏ ပညာဆက်လက်သင်ယူရေးနှင့် အခြားပညာရေးအခွင့်အလမ်းများ ပေးရန် ရည်ရွယ်ပါသည်။





