“၇.၇.၆၂ မမေ့ကြနဲ့”
အထက်ပါ စာသားမှာ မြောင်းမြ ကျောင်းသားကိုကျော်ဝင်းက သူ့ကိုယ်က သွေးနဲ့ မန္တလေးဆောင်နံရံမှာ ၇ရက်၊ ၇ လ၊ ၁၉၆၂ ခုနစ်မှာ ရေးသွားခဲ့တာဖြစ်ပါတယ်။ ထိုနေ့ရက်ဟာ ပထမအကြိမ် စစ်အာဏာသိမ်းမှုအပြီး တက္ကသိုလ်ကျောင်းသားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ မျက်နှာဖုံးခွာ စစ်ဘီလူးတွေကို ပထမဆုံးအကြိမ် ကြုံခဲ့ရတဲ့ နေ့ရက်လည်းဖြစ်ပါတယ်။
၁၉၆၂ မတ်လ ၂ ရက်နေ့မှာ ဗိုလ်နေဝင်းခေါင်းဆောင်တဲ့ စစ်အုပ်စုဟာ တော်လှန်ရေးကောင်စီ အမည်ခံလို့ တိုင်းပြည်ကို အာဏာထိန်းလိုက်ကြောင်း ကြေညာပါတယ်။ အဆိုပါ အာဏာသိမ်းမှုကိုကန့်ကွက်ကြောင်း တကသ၊ ရကသ၊ ဗကသတို့က ၁၉၆၂ ခုနှစ် မတ်လ ၄ ရက်နေ့မှာပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့တယ်။
စစ်အုပ်စုရဲ့ ဖိနှိပ်မှု စတင်ချိန်က မတ်လ ၉ ရက်နေ့ပါ။ အဲ့နေ့မှာ ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ်အက်ဥပဒေကို တော်လှန်ရေးကောင်စီက ဖျက်သိမ်းလိုက်ပါတယ်။ ဆရာများအကျင့်ပျက်မှု၊ ကျောင်းသားများ နိုင်ငံရေး ပယောဂရှိမှုလို့ စွပ်စွဲပြီး တက္ကသိုလ်အမှုဆောင်ကောင်စီကို ဖျက်သိမ်းခဲ့တယ်။ တက္ကသိုလ်ကောင်စီကိုလည်း အလိုတော်ရိေတွနဲ့ ပြန်လည်ဖွဲ့စည်းခဲ့ပြီး မတရားကျောင်းဆောင်စည်းကမ်း ၂၂ ချက်ကိုထုတ်ပြန်ကာ ကျောင်းသားထုကို ဖိနှိပ်ပါတော့တယ်။ ဒါကြောင့် ကျောင်းသားထုကြားမှာ တော်လှန်ရေးကောင်စီအပေါ် မကျေနပ်မှုတွေ တိုးပွားလာခဲ့ပါတယ်။
မတရားစည်းကမ်းတွေကို လက်မခံနိုင်တော့တဲ့ ကျောင်းသားတွေဟာ ဂျူလိုင်လဆန်းမှ စတင်ပြီး ကျောင်းသားထုအစည်းအဝေးတွေကျင်းပကာ ဖိနှိပ်ချုပ်ချယ်တဲ့ မတရားကျောင်းဆောင်စည်းကမ်းတွေကို ကန့်ကွက်ကြောင်း တညီတညွတ်တည်းဆုံးဖြတ်ခဲ့ကြပါတယ်။ ဇူလိုင်လ ၃ ရက်နေ့မှာတော့ ရန်ကုန်ခရိုင်ကျောင်းသားသမဂ္ဂက ကြီးမှူးပြီး သမဂ္ဂခန်းမမှာ ကျောင်းသားထုအစည်းအဝေးကျင်းပလို့ ကမောက်ကမ ပညာရေးစနစ်နဲ့ မတရားအဆောင်စည်းကမ်းများ ရုပ်သိမ်းပေးရေး ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။
ဇူလိုင်လ ၆ ရက်နေ့ ရွှေဘိုဆောင်အစည်းအဝေးမှာတော့ ကန့်ကွက်တယ်လို့ဆုံးဖြတ်ရုံတင်မဟုတ်တော့ဘဲ ကြွေးကြော်သံတွေ အော်ဟစ်ပြီး အဆောင်အပြင်ထွက်လို့ လှည့်လည်ဆန္ဒပြကြပါတော့တယ်။ အဲ့ဒီအခါ အနီးအနားကျောင်းဆောင်တွေက ကျောင်းသားတွေပါ ပူးပေါင်းပါဝင်လာတာကြောင့် ဆန္ဒပြကျောင်းသားထုကြီးဟာ တဖြည်းဖြည်းကြီးမားလာခဲ့ပါတယ်။ အဲ့ဒီညမှာ ဆန္ဒပြကျောင်းသားထုဟာ ပြည်၊ ပုဂံ၊ တကောင်း ကျောင်းဆောင်တွေအထိပါ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
ဇူလိုင်လ ၇ ရက်နေ့ နေ့လယ် ၁ နာရီမှာတော့ သမဂ္ဂအဆောက်အဦး အစည်းအဝေးခန်းမမှာ ကျောင်းသားထုအစည်းအဝေး ကျင်းပခဲ့ပါတယ်။ အဲ့ဒီအစည်းအဝေးမှာ ဖိနှိပ်ချုပ်ချယ်တဲ့ကျောင်းဆောင်စည်းကမ်းတွေကိုကန့်ကွက်ကြောင်းနဲ့ တက္ကသိုလ်အက်ဥပဒေတွေကို ကန့်ကွက်ကြောင်းတခဲနက် ဆုံးဖြတ်ခဲ့ကြပါတယ်။ အစည်းအဝေးအပြီးမှာတော့ ကျောင်းသားထုဟာ သမဂ္ဂအဆောက်အဦးရှေ့က စတင်ကာ ကျောင်းဝန်းထဲ လှည့်လည်ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။ ကျောင်းသားတွေဟာ ဆန္ဒပြပွဲအပြီး ဘွဲ့နှင်းသဘင်ရှေ့မှာ ငြိမ်းချမ်းစွာ လူစုခွဲလိုက်ပါတယ်။
နေ့လယ် ၂ နာရီမှာ ရဲကား ၂ စီး တကသထဲဝင်လာပြီးတကသ၊ ဗကသ၊ ရကသ ခေါင်းဆောင်တွေကို ဝင်ရောက်ဖမ်းဆီးလိုက်ပါတယ်။ ကျောင်းသားခေါင်းဆောင်တွေကို ရုတ်တရက် ဖမ်းဆီးလိုက်တာကြောင့် ကျောင်းသားထုဟာ လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ကျောင်းသားတွေဟာ ရန်ကုန်တက္ကသိုလ်ဝင်းတံခါးကို သော့ခတ်ပြီး ပိတ်လိုက်ပါတယ်။ ကျောင်းသားတွေက တကသကို ပြန်လုဖို့ ကြိုးစားချိန်မှာ ဒိုင်းကိုယ်စီကိုင်ထားတဲ့ ရဲတွေက ဝိုင်းဝန်းပိတ်ဆို့ပြီး နံပါတ်တုတ်နဲ့ရိုက်သူကရိုက်ကာ မျက်ရည်ယိုဗုံးတွေနဲ့ စတင်ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။ ကျောင်းသားတွေသွေးသံတရဲရဲဖြစ်လာပြီး ရဲများကလည်း မျက်ရည်ယိုဗုံးတွေနဲ့အဆက်မပြတ်ဖြိုခွင်းခဲ့ပါတယ်။ ဒါပေမယ့်ကျောင်းသားထုဟာ တစတစများပြားလာခဲ့တာကြောင့် ရဲများတက္ကသိုလ်ဝင်းထဲကပြန်လည်ထွက်ခွာသွားရပါတယ်။
ညနေ ၄ နာရီခန့် အချိန်၊ ကျောင်းသားများ အောင်ပွဲခံနေတုန်းမှာပဲ အသင့်စောင့်နေတဲ့ တပ်ရင်း ၄ က စစ်သားအပြည့်တင်လာတဲ့ စစ်ကား ၂ စီး တက္ကသိုလ်ရိပ်သာလမ်းပေါ် ရောက်လာပြီး ဆေးရုံရှေ့မှ ဓမ္မာရုံထိတိုင်အောင် တပ်ဖြန့်ကာ တက္ကသိုလ်ဝန်းကျင် တခုလုံးကို ပိတ်ဆို့ထားလိုက်ပါတော့တယ်။ အဲ့ဒီစစ်သားတွေဟာ စစ်မြေပြင်မှာ တခါမှအသုံးမပြုရသေးတဲ့ ဂျီသရီးမောင်းပြန်ရိုင်ဖယ်တွေနဲ့ ကျောင်းသားထုကို တရစပ်ပစ်ခတ်ခဲ့ပါတယ်။
မထင်မှတ်ထားလို့ မင်သက်မိသွားတဲ့ ကျောင်းသားတွေ အကျအဆုံး များကုန်တယ်။ သတိဝင်လာပြီး ထွက်ပြေးကြရင်းမှာပင် လမ်းပေါ်တင် ကျဆုံးကုန်ပါတယ်။ နီးစပ်ရာ အဆောင်တွေပေါ်ကို တက်ပြေးကြရင်းက လှေကားရင်းတွေမှာ အလောင်းချင်း ထပ်ကုန်ကြတယ်။ အဲ့ဒီလို ရုတ်တရက် ပစ်ခတ်မှုကြောင့် ကျောင်းသားပေါင်း ရာနဲ့ချီ ကျဆုံးခဲ့ပြီး ရာနဲ့ချီဒဏ်ရာရခဲ့ပါတယ်။
အထိကရုဏ်းဖြစ်နေချိန်မှာ “ကွန်မြူနစ်များဟာကျောင်းသားတွေကို လက်နနက်များ ထောက်ပံ့ထားကြောင်း၊ ကွန်မြူနစ်တွေရဲ့ ဌာနချုပ်ဟာ ကျောင်းသားသမဂ္ဂ အဆောက်ဦး ြဖစ်ကြောင်း” သတင်းလွှင့်ပါတယ်။ ဂျူလိုင်လ ၈ ရက်နေ့ မနက် ၃ နာရီအချိန်မှာ တကသအဆောက်အဦးကို ဗိုလ်နေဝင်းအစိုးရက ဗုံးခွဲဖျက်ဆီးလိုက်ပါတော့တယ်။
အဲ့ဒီည ၇ နာရီအချိန်မှာ ဗိုလ်နေဝင်းက “ဓားကိုဓားချင်း လှံကိုလှံချင်းဆိုင်ရန်သာရှိတော့ကြောင်း” မြန်မာအသံရေဒီယိုကနေ အသံလွှင့်ပြီး စိန်ခေါ်ခဲ့ပါတယ်။ ဆဲဗင်းဂျူလိုင်ကျောင်းသားအရေးတော်ပုံမှာ မြောင်းမြမှ ကျောင်းသားကိုကျော်ဝင်းက သူ့ကိုယ်က သွေးနဲ့ မန္တလေးဆောင်နံရံမှာ “၇.၇.၆၂ မမေ့ကြနဲ့” လို့ ရေးသွားခဲ့ပါတယ်။
ကျောင်းသားအားလုံး ၁၇ ဦးသာ ကျဆုံးတယ်လို့ ကြေညာခဲ့ပေမယ့် မန္တလေးဆောင် တစ်ခုတည်းတင် ၁၇ ဦးရှိပါတယ်။ ရန်ကုန်အထွေထွေဆေးရုံကြီးရဲ့ စာရင်းအရတော့ ၁၇ဦး သေဆုံးပြီး ၆၉ ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မင်္ဂလာဒုံ စစ်ဆေးရုံကို ပို့ခဲ့တာ ၆၈ ဦးရှိတယ်လို့လည်း သိရပါတယ်။ သေဆုံးသူ၊ ထိခိုက်သူအရေအတွက် တိတိကျကျတော့ အခုချိန်ထိ မသိခဲ့ရပါဘူး။ သေချာတာကတော့ ရာချီတဲ့ ကျောင်းသားတွေဟာ အသက်ပေးသွားကြရတာပါပဲ။
ဒီအဖြစ်အပျက်ဟာ ကမ္ဘာ့အဆိုးဝါးဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုစာရင်းမှာ မြန်မာနိုင်ငံကို နံပါတ် ၂ နေရာ ရောက်စေခဲ့ပါတယ်။ စစ်အုပ်စုဟာ သူ့အာဏာကို ထိပါးလာမယ်ဆိုရင် ဘယ်သူ့မျက်နှာမှ မကြည့်ဘဲ ရက်စက်ပြီး ရန်ငါကွဲပြားပါတယ်။
ကျွန်တော်တို့ကလည်း ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ခေတ်အဆက်ဆက် ဒီမိုကရေစီရေးအတွက် အသက်ပေးသွားတဲ့ ကျောင်းသားပြည်သူ၊ရဟန်းရှင်လူအပေါင်းတို့ရဲ့ သံမဏိစိတ်ဓာတ်ကို ကိုင်စွဲပြီး ဆက်လက်တော်လှန်မှာဖြစ်ကြောင်း ၆၁ နှစ်ပြည့် ဆဲဗင်းဂျူလိုင်အရေးအခင်းမှ ကတိကဝတ်ပြုလိုက်ပါတယ်။
“၇.၇.၆၂ မမေ့ကြနဲ့”